![]() |
| ဟိုက်ဒရိုဂျင် |
ဟိုက်ဒရိုဂျင်ကို ဇီဝဒြပ်ပေါင်းများစွာတွင်လည်း တွေ့နိုင်သည်။ အထူးသဖြင့် ကျွန်ုပ်တို့အသုံးပြုနေသော ဓာတ်ဆီ၊ မက်သနော၊ ပရိုပိန်းနှင့် သဘာဝဓာတ်ငွေ့များသည် ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်းများဖြစ်သည်။ ဟိုက်ဒရိုဂျင်ကို အပူကိုအသုံးပြုပြီး ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်းမှ ခွဲထုတ်နိုင်သည်။ ယခုလက်ရှိတွင် ဤနည်းဖြင့် သဘာဝဓာတ်ငွေ့မှ ဟိုက်ဒရိုဂျင်ကို ရရှိသည်။ လျှပ်စစ်သုံးဓာတ်ခွဲခြင်းနည်းကိုသုံး၍လည်း ရေမှဟိုက်ဒရိုဂျင်ကို ခွဲထုတ်နိုင်သည်။ တစ်ချို့သော ရေညှိနှင့်ဘက်တီးရီးယားများသည်လည်း နေရောင်ခြည်ကိုအသုံးပြု၍ ဟိုက်ဒရိုဂျင်ထုတ်လုပ်နိုင်ကြသည်။
ဟိုက်ဒရိုဂျင်သည် မြင့်မားသောစွမ်းအင်ဖြစ်သည်။ ဟိုက်ဒရိုဂျင်လောင်စာသုံးအင်ဂျင်များသည် ညစ်ညမ်းမှုမဖြစ်ပေါ်စေနိုင်ပါ။ ၁၉၇၀ခုနှစ်ကတည်းက နာဆာသည် အာကာသလွန်းပျံယာဉ်များနှင့် အခြားဒုံးပျံများကို ကမ္ဘာပတ်လမ်းကြောင်းသို့လွှတ်တင်ရန် ဟိုက်ဒရိုဂျင်လောင်စာရည်ကို အသုံးပြုနေသည်။ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်မှ လွန်းပျံယာဉ်အတွက် လျှပ်စစ်ထုတ်ပေးသည်သာမက ထွက်ရှိလာသောရေကိုလည်း ယာဉ်အမှုထမ်းများသောက်သုံးနိုင်သည်။
![]() |
| ဟိုက်ဒရိုဂျင်လောင်စာဆဲလ်အလုပ်လုပ်ပုံ |
ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သည် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကိုပေါင်းစပ်ပြီး လျှပ်စစ်၊ အပူနှင့် ရေကို ထုတ်လုပ်သည်။ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်တစ်ခုတွင် အလွှာတစ်ခုခြားထားသောအဖိုနှင့်အမအပြားနှစ်ခုပါရှိသည်။ ၎င်းအလွှာသည် အပေါင်းအမှုန် (ဝါ) ပရိုတွန်အမှုန်များသာဖြတ်သွားနိုင်သည်။ အဖိုဘက်မှ ဟိုက်ဒရိုဂျင်ထည့်လိုက်သောအခါ ပရိုတွန်အမှုန်များသည် အလွှာကိုဖြတ်ပြီး အမဘက်ရှိအောက်ဆီဂျင်နှင့်သွားပေါင်းသည်။ သို့သော် အက်တမ်များသည် လျှပ်စစ်ဓာတ်အားတူရမည်ဖြစ်သည်။ ထို့ကြောင့် အမမှုန် (ဝါ) အီလက်ထရွန်များသည်လည်း အခြားတစ်ဖက်သို့သွားလိုနေသည်။ အဖိုနှင့်အမကို ဝါယာဖြင့်ဆက်သွယ်လိုက်သောအခါ အီလက်ထရွန်များစီးကူးသွားပြီး လျှပ်စီးကြောင်းဖြစ်ပေါ်လာသည်။ ထိုမှလျှပ်စစ်နှင့် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ဓာတ်ပြုပြီး ဘုံထုတ်ကုန်အဖြစ်ရေကိုပါရရှိသည်။ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များသည် ဘက်ထရီများနှင့်တူသည်။ နှစ်ခုစလုံးသည် ဓာတုဗေဒဓာတ်ပြုမှုပြုပြီး လျှပ်စစ်ထုတ်လုပ်သည်။ သို့သော် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သည် ဟိုက်ဒရိုဂျင်ထည့်ထားနိုင်သလောက် လျှပ်စစ်ထုတ်နိုင်သည်။ အားကုန်မသွားနိုင်ပေ။
လောင်စာဆဲလ်များသည် အဆောက်အဦးများ၊ လျှပ်စစ်ကားများအတွက် လျှပ်စစ်နှင့် အပူရင်းမြစ်အဖြစ်သုံးနိုင်သည့် အလားအလာရှိသော နည်းပညာဖြစ်သည်။ လောင်စာဆဲလ်များသည် သန့်စင်သောဟိုက်ဒရိုဂျင်နှင့် ကောင်းစွာလုပ်ဆောင်နိုင်သည်။ အခြားသောလောင်စာများဖြစ်သည့် သဘာဝဓာတ်ငွေ့၊ မက်သနော၊ ဓာတ်ဆီ စသည်တို့မှလည်း လောင်စာဆဲလ်အတွက်လိုအပ်သော ဟိုက်ဒရိုဂျင်ကိုထုတ်လုပ်နိုင်သည်။ အချို့သော လောင်စာဆဲလ်များသည် မက်သနောကို တိုက်ရိုက်အသုံးပြုနိုင်သည်။
အနာဂတ်တွင် ဟိုက်ဒရိုဂျင်သည် လျှပ်စစ်အဖြစ် အရေးကြီးသောစွမ်းအင်သယ်ဆောင်သူဖြစ်လာမည်ဖြစ်သည်။ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များဖြစ်သည့် လေနှင့်နေတို့သည် အချိန်တိုင်းစွမ်းအင်ထုတ်မပေးနိုင်ပေ။ သို့သော် ၎င်းတို့မှရရှိသော လျှပ်စစ်အားဖြင့်ဟိုက်ဒရိုဂျင်ကိုထုတ်ပြီးသိုလှောင်ထားကာ လိုအပ်ချိန်တွင်သုံးခြင်းဖြင့် စွမ်းအင်ကို စဉ်ဆက်မပြတ်ရရိုနိုင်ပေသည်။
ပြည့်မိုးဝင်း
References:
http://www.renewableenergyworld.com
www.wikipedia.org
www.youtube.com
http://education.jlab.org/

