Pages

Tuesday, February 9, 2016

အလူမီနီယမ် သင်္ဘောတည်ဆောက်ခြင်း (၁)

အလူမီနီယမ်ဆိုတာဘာလဲ

အလူမီနီယမ်
               အလူမီနီယမ်သည် ငွေဖြူရောင်သတ္ထုဖြစ်သည်။ ဒြပ်စင်အလှည့်ကျဇယားတွင် ၁၃ခုမြောက် ဒြပ်စင်ဖြစ်သည်။ သင်္ကေတအားဖြင့် Al ဟုသတ်မှတ်သည်။ အလူမီနီယမ်သည် ကမ္ဘာမြေပေါ်တွင်ပေါများစွာတွေ့ရသော သတ္ထုဖြစ်ပြီး ကမ္ဘာမြေကြီးအလေးချိန်၏ ၈ရာခိုင်နှုန်းရှိသည်။ ကျွန်ုပ်တို့ကမ္ဘာဂြိုလ်ပေါ်တွင် အောက်ဆီဂျင်နှင့်ဆီလီကွန်ပြီးလျှင် တတိယမြောက်အပေါများဆုံးဒြပ်စင်လည်းဖြစ်သည်။
         
               အခြားသောဒြပ်စင်များနှင့် အလွယ်တကူပေါင်းစပ်နိုင်သောကြောင့် အလူမီနီယမ်ကို သဘာဝအတိုင်းမတွေ့ရပေ။ ထို့ကြောင့်လည်း အလူမီနီယမ့်အကြောင်းကို တော်တော်နောက်ကျမှ သိခဲ့ရခြင်းဖြစ်သည်။ ၁၈၂၄ ခုနှစ်တွင် ပထမဆုံးအလူမီနီယမ်ကို ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် နှစ်ပေါင်း၅၀ကြာမှ စက်မှုလုပ်ငန်းသုံးအြဖစ်ထုတ်လုပ်နိုင်ခဲ့သည်။
           
                အလူမီနီယမ်ကို အလူမီနီယမ်ဆာလဖိတ် (Aluminium Sulphates) များအဖြစ် သဘာဝအတိုင်းတွေ့ရသည်။ အဆိုပါဆာလဖိတ်များသည် အယ်ကာလိုင်းသတ္ထု (Alkaline Metal) နှင့် ဒြပ်စင်အလှည့်ကျဇယားမှတတိယအုပ်စုဝင်သတ္ထုတို့ကို အခြေခံသော ဆာလဖျူရစ်အက်စစ်နှစ်မျိုးပေါင်းစပ်နေသော တွင်းထွက်သတ္ထုဖြစ်သည်။ အလူမီနီယမ်ဆာလဖိတ်ကို ရေသန့်စင်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဆေးဝါးများ၊ အလှအပဗေဒ၊ ဓာတုစက်မှုလုပ်ငန်းနှင့် နယ်ပယ်အသီးသီးတွင်အသုံးပြုလျှက်ရှိသည်။ အလူမီနီယမ်ဟူသောအမည်ကို အလူမီနီယမ်ဆာလဖိတ်မှရသည်။ လက်တင်ဘာသာဖြင့် အလူမန် (Alumen) ဟုခေါ်သည်။

               ယနေ့တွင် အမျိုးမျိုးသောအလူမီနီယမ်ဒြပ်ပေါင်း ၃၀၀ နီးပါးနှင့် အလူမီနီယမ်ပါဝင်သောတွင်းထွက်သတ္ထုများဖြစ်သော မျောကျောက် (Feldspar)မှသည် အဓိကရင်းမြစ်များဖြစ်သော ပတ္တမြား၊ နီလာ၊ မြတို့ကို တွေ့ရှိပြီးဖြစ်သည်။

               လျှပ်စစ်ကိုသာမတွေ့ရှိခဲ့လျှင် အလူမီနီယမ်ကိုလည်း တွေ့နိုင်ဦးမည်မဟုတ်ပေ။ သိပ္ပံပညာရှင်များက လျှပ်စစ်ကိုအသုံးပြုပြီး ဓာတုဗေဒဒြပ်ပေါင်းများကို ဒြပ်စင်အဖြစ် ဖြိုခွဲနိုင်ချိန်မှသာ အလူမီနီယမ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၁၉ ရာစုတွင် ဒိန်းမတ်လူမျိုးရူပဗေဒပညာရှင်ခရစ်ယာန်အောစတက် (Christian Oersted) သည် လျှပ်စစ်သုံးဓာတ်ခွဲခြင်းနည်းကိုသုံး၍ အလူမီနီယမ်ကို ရရှိခဲ့သည်။ အဆိုပါနည်းကို ယနေ့တိုင် အလူမီနီယမ်ထုတ်လုပ်ရာတွင် အသုံးပြုလျှက်ရှိသည်။
             
               ယနေ့ခေတ်အလူမီနီယမ်ထုတ်လုပ်ရာတွင် အဓိကအသုံးပြုသောအခြားကုန်ကြမ်းမှာ ဗောက်ဆိုက် (Bauxite) ဖြစ်သည်။ ဗောက်ဆိုက်သည် အမျိုးမျိုးသော အလူမီနီယမ်ဟိုက်ဒြောဆိုဒ် (Aluminium Hydroxide) များပါဝင်သော ရွှံ့စေးသတ္ထုဖြစ်ပြီး သံ၊ ဆီလီကွန်၊ ဆာလဖာ၊ တိုက်တေနီယမ်၊ ဂယ်လီယမ်၊ ခရိုမီယမ်၊ ဗန်နာဒီယမ်အောက်ဆိုဒ်၊ ဆာလဖျူရစ်ကယ်လစီယမ်နှင့် မဂ္ဂနီစီယမ်ကာဗွန်နိတ်တို့ ရောနှောလျှက်ရှိသည်။ ဗောက်ဆိုက်တွင် ဒြပ်စင်အလှည့်ကျဇယား၏ထက်ဝက်လောက် ပါဝင်ပါသည်။ ပျမ်းမျှအားဖြင့် အလူမီနီယမ်တစ်တန်ထုတ်လုပ်ရန် ဗောက်ဆိုက်လေးတန်မှငါးတန်ထိလိုအပ်သည်။

               အလူမီနီယမ်ထုတ်လုပ်ရာတွင် ပထမအဆင့်၌ ဗောက်ဆိုက်ကို အလူမီနာ (Alumina) (သို့မဟုတ်) အလူမီနီယမ်အောက်ဆိုဒ် (Aluminum Oxide) အဖြစ်ပြုလုပ်သည်။ အလူမီနာသည် အဖြူရောင်အမှုန့်နှင့်တူသည်။ အလူမီနာကို အလူမီနီယမ်ဖိုထဲတွင် လျှပ်စစ်သုံးဓာတ်ခွဲနည်းကိုအသုံးပြု၍ အလူမီနီယမ်အဖြစ် ထုတ်လုပ်သည်။ အလူမီနီယမ်ထုတ်လုပ်ရာတွင် လျှပ်စစ်ဓာတ်အားအမြောက်အများလိုအပ်သည်။ အလူမီနီယမ်တစ်တန်ရရှိရန် ၁၅မီဂါဝပ်အထိသုံးရသည်။ အဆိုပါပမာဏသည် တိုက်ခန်းတစ်ရာတစ်လနီးပါး သုံးစွဲသည်နှင့်ညီမျှသည်။ ထို့ကြောင့် အလူမီနီယမ်စက်ရုံသည် အားကောင်းသောပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်အနီးတွင်ရှိရန် လိုအပ်သည်။ ရေအားလျှပ်စစ်စက်ရုံများသည် အလူမီနီယမ်ထုတ်လုပ်ရန် အကောင်းဆုံးသော စွမ်းအင်ရင်းမြစ်များဖြစ်သည်။

အလူမီနီယမ်၏ဂုဏ်သတ္တိများ

               အလူမီနီယမ်သည် တန်ဖိုးရှိသောဂုဏ်သတ္တိများကို ရှားရှားပါးပါးပေါင်းစပ်ပေးထားပါသည်။ အလူမီနီယမ်သည် ကမ္ဘာပေါ်တွင်အပေါ့ဆုံးသောသတ္ထုများထဲမှ တစ်မျိုးဖြစ်သည်။ သံထက်သုံးဆနီးပါးပေါ့ပါးသော်လည်း အလွန်သန်မာသည်။ အလွန်လွယ်စွာကွေးနိုင်သည်။ မျက်နှာပြင်တွင် အလွန်ပါးလွှာသော အောက်ဆိုဒ်အလွှာတစ်ခုဖုံးနေခြင်းကြောင့် တိုက်စားခြင်းကို ခံနိုင်ရည် (Corrosion Resistance) ရှိသည်။  သံမလိုက်နိုင်ပါ။ အလွန်ကောင်းသော လျှပ်ကူးပစ္စည်းဖြစ်သည်။ အခြားသော သတ္ထုများနှင့်ပေါင်းစပ်၍ သတ္ထုစပ် (Alloy) အဖြစ်အသုံးပြုနိုင်သည်။

အလူမီနီယမ်သတ္ထုစပ်များ

               အလူမီနီယမ်သတ္ထုစပ်များသည် အလူမီနီယမ်အများဆုံးပါဝင်သော သတ္ထုစပ်များဖြစ်သည်။ သတ္ထုစပ်ပြုလုပ်ရာတွင် အသုံးများသောဒြပ်စင်များမှာ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ မန်းဂနိစ်၊ ဆီလီကွန်၊ ခဲမဖြူနှင့် သွပ်တို့ဖြစ်သည်။ သတ္ထုစပ်ပြုလုပ်ရာတွင် ပုံသွန်းခြင်း (Casting alloy) နှင့် ဖိနှိပ်ခြင်း (Wrought alloy) ဟူ၍နှစ်မျိုးရှိသည်။ အသုံးပြုလျှက်ရှိသောအလူမီနီယမ်သတ္ထုစပ်၏ ၈၅ ရာခိုင်နှုန်းကို ဖိနှိပ်ခြင်းနည်းဖြင့်ရရှိသည်။
                ဖိနှိပ်သတ္ထုစပ်ကို အမည်သတ်မှတ်ရာတွင် နိုင်ငံတကာသတ္ထုစပ်သတ်မှတ်ချက်စနစ် (International Alloy Designation System) ကိုအသုံးပြုသည်။ သတ္ထုစပ်အသီးသီးတွင် ဂဏန်းလေးလုံးပါရှိသည်။ ပထမဂဏန်းသည် အများဆုံးပါဝင်သော ဒြပ်စင်ကို ညွှန်ပြသည်။

  • ၁၀၀၀ စီးရီး - သန့်စင်အလူမီနီယမ် ၉၉ ရာခိုင်နှုန်း
  • ၂၀၀၀ စီးရီး - ကြေးနီ 
  • ၃၀၀၀ စီးရီး - မန်းဂနိစ်
  • ၄၀၀၀ စီးရီး - ဆီလီကွန်
  • ၅၀၀၀ စီးရီး - မဂ္ဂနီဆီယမ်
  • ၆၀၀၀ စီးရီး - မဂ္ဂနီဆီယမ်နှင့်ဆီလီကွန်
  • ၇၀၀၀ စီးရီး - သွပ်
  • ၈၀၀၀ စီးရီး - အခြားဒြပ်စင်

ရေကြောင်းလုပ်ငန်းသုံးသတ္ထုစပ်များ (Marine Alloy)


 အောက်ပါသတ္ထုစပ်များကို သင်္ဘောတည်ဆောက်ရာတွင်အသုံးပြုသည်။

  • ၅၀၅၂
  • ၅၀၅၉
  • ၅၀၈၃
  • ၅၀၈၆
  • ၆၀၆၁
  • ၆၀၆၃
၄၀၄၃၊ ၅၁၈၃၊ ၆၀၀၅အေ၊ ၆၀၈၂ တို့ကိုလည်း အသုံးပြုသည်။


ပြည့်မိုးဝင်း

References:
www.aluminiumleader.com
www.wikipedia.org
www.youtube.com