Pages

Sunday, April 21, 2019

ဆိုလာရေအားလျှပ်စစ်စက်ရုံ

ကျွန်တော်တို့နိုင်ငံလျှပ်စစ်ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၆၀ရာခိုင်နှုန်းကို ရေအားလျှပ်စစ်စက်ရုံတွေကနေ ထုတ်လုပ်ပေးနေတာပါ။ ရဲရွာလိုအကြီးစားစက်ရုံကြီးတွေကနေ သဖန်းဆိပ်လို စိုက်ပျိုးရေပေးဝေရေးနဲ့ ရေအားလျှပ်စစ်စက်ရုံလေးတွေထိ အမျိုးမျိုးရှိပါတယ်။ ရေအားလျှပ်စစ်တို့ရဲ့ထုံးစံအတိုင်း မိုးရာသီရေများချိန်မှာ လျှပ်စစ်ပိုထုတ်နိုင်ပြီး နွေရာသီရေနည်းချိန်မှာတော့ ထုတ်လုပ်မှုလျော့နည်းလေ့ရှိပါတယ်။ ဒီတော့ ဒီရေအားလျှပ်စစ်စက်ရုံကြီးတွေကို စိတ်ကူးထဲမှာပဲ အဆင်မြှင့်တင်ကြည့်ရအောင်။ ဆည်ကြီးထဲက ရေပြင်ပေါ်မှာ ရေပေါ်ဆိုလာခင်း (Floating Solar Farm) တွေဆောက်ပြီးတော့ပေါ့။
ပေါ်တူဂီနိုင်ငံမှ ကမ္ဘာ့ပထမဆုံး ဆိုလာရေအားလျှပ်စစ်စက်ရုံ
ဆိုလာပြားတွေက လျှပ်စစ်ကို နေပူတုန်းမှာပဲ ထုတ်ပေးနိုင်ပါတယ်။ ရေအားလျှပ်စစ်တာဘိုင်တွေကို အလိုလျှောက် ထိန်းချုပ်စနစ်နဲ့ တွဲထားပြီး နေ့အချိန်မှာ ဆိုလာအားနဲ့ပေါင်းကာ တာဘိုင်တွေကို လျော့မောင်းပြီး ရေကိုချွေတာနိုင်မှာ ဖြစ်ပါတယ်။ ညပိုင်းမှာတော့ မူလပုံအတိုင်းပြန်မောင်းပေါ့။ တိုင်းပြည်ချမ်းသာလာတဲ့ တစ်နေ့၊ ဘက်ထရီတွေလည်း ဈေးကျလာတဲ့အချိန်မှာ ဘက်ထရီဘဏ်အကြီးစားတွေဆောက်ပြီး ထပ်မံအဆင့်မြှင့်တင်နိုင်ပါသေးတယ်။ Tesla ရဲ့ Australia က 100 MW ဘက်ထရီလိုပေါ့။
ရေပေါ်ဆိုလာခင်း (FSF)တွေကို ဆည်ထဲမှာ ဆောက်ဖို့ အချိန်များကြီးမလိုပါ။ စက်ယန္တယားအကြီးစားတွေလည်းမလိုပါ။ အခြေခံအဆောက်အဦးတွေဖြစ်တဲ့ မဟာဓာတ်အားလိုင်းတွေ၊ ဓာတ်အားထုတ်လွှတ်ရာမှာ သုံးတဲ့ပစ္စည်းတွေဟာ ရေအားလျှပ်စစ်စက်ရုံတွေမှာ တည်ဆောက်ထားပြီးဖြစ်တဲ့အတွက် ထပ်မံတည်ဆောက်ရန်မလိုအပ်ပါ။ ဆည်ရေမျက်နှာပြင်ရဲ့ တစ်စိတ်တစ်ပိုင်းကို FSFက ဖုံးထားတဲ့အတွက် ရေတွေအငွေ့ပျံပြီး ဆုံးရှုံးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ရေပြင်ပေါ်မှာဖြစ်တဲ့အတွက် ဆိုလာပြားတွေဟာ ရေငွေ့နဲ့အေးမြနေပြီး လျှပ်စစ်ဓာတ်အားပိုထုတ်နိုင်ပါမယ်။ Korea Water Resources Corporation ရဲ့ လေ့လာမှုတွေအရ FSF က ကုန်းပေါ်ဆိုလာခင်းထက် ၁၁ ရာခိုင်နှုန်း ပိုမိုပြီး လျှပ်စစ်ထုတ်နိုင်ပါတယ်။ မြေဧရိယာများစွာလည်း သက်သာစေမှာဖြစ်ပါတယ်။
FSF အတွက်လိုအပ်တဲ့ floater/pontoon တွေကိုလည်း ပြည်တွင်းမှာပဲထုတ်လုပ်နိုင်ပါတယ်။ pontoon mould design ကို ကိုယ်တိုင်မလုပ်ချင်လည်း လက်ရှိအောင်မြင်ပြီးသား Proven Mould Design တွေဝယ်ပြီး ထုတ်နိုင်ပါတယ်။ စက်မှုဝန်ကြီးဌာနမှာရှိတဲ့ မင်းစု လူသုံးကုန်ပစ္စည်းစက်ရုံကဖြစ်ဖြစ်ပေါ့။ ဆိုလာပြားစက်ရုံလည်း ပြည်တွင်းမှာ ရှိပြီးသားပဲ။ ပြည်တွင်းမှာပဲထုတ်တဲ့အတွက် ကုန်ကျစရိတ်လည်း သက်သာနိုင်ပါတယ်။ အခြားသောစိန်ခေါ်မှုတွေလည်း ရှိဦးမှာပါ။ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ပဲ အင်ဂျင်နီယာပညာရပ်တွေ၊ ပညာရှင်တွေရှိလာရတာပဲ မဟုတ်ပါလား။ အနာဂတ်မှာတော့ Hybrid Solar Hydro Power Plant တွေ တိုင်းပြည်မှာ အောင်မြင်စွာလည်ပတ်နေတာ မြင်ချင်မိပါသေးတယ်။

ပြည့်မိုးဝင်း

Thursday, April 20, 2017

ဟိုက်ဒရိုဂျင်စွမ်းအင်

ဟိုက်ဒရိုဂျင်
ဟိုက်ဒရိုဂျင်သည် အရိုးရှင်းဆုံးသော ဒြပ်စင်တစ်ခုဖြစ်သည်။ ဒြပ်စင်အလှည့်ကျဇယားတွင် ပထမဆုံးဒြပ်စင်ဖြစ်သည်။ ဟိုက်ဒရိုဂျင်အက်တမ်တစ်လုံးတွင် ပရိုတွန်တစ်လုံးနှင့် အီလက်ထရွန်တစ်လုံးသာ ပါရှိသည်။ ဟိုက်ဒရိုဂျင်သည် စကြာဝဠာထဲတွင် အပေါများဆုံးသောဒြပ်စင်ဖြစ်သည်။ ဟိုက်ဒရိုဂျင်ကို ကမ္ဘာမြေပေါ်တွင် ဓာတ်ငွေ့အဖြစ် သဘာဝအတိုင်းမတွေ့ရပေ။ အမြဲလိုလို အခြားသော ဒြပ်စင်တစ်ခုခုနှင့် ပေါင်းစပ်နေသည်။ ဥပမာအားဖြင့် ရေ(H2O)သည် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ပေါင်းစပ်နေသော ဒြပ်ပေါင်းတစ်ခုဖြစ်သည်။ 

ဟိုက်ဒရိုဂျင်ကို ဇီဝဒြပ်ပေါင်းများစွာတွင်လည်း တွေ့နိုင်သည်။ အထူးသဖြင့် ကျွန်ုပ်တို့အသုံးပြုနေသော ဓာတ်ဆီ၊ မက်သနော၊ ပရိုပိန်းနှင့် သဘာဝဓာတ်ငွေ့များသည် ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်းများဖြစ်သည်။ ဟိုက်ဒရိုဂျင်ကို အပူကိုအသုံးပြုပြီး ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်းမှ ခွဲထုတ်နိုင်သည်။ ယခုလက်ရှိတွင် ဤနည်းဖြင့် သဘာဝဓာတ်ငွေ့မှ ဟိုက်ဒရိုဂျင်ကို ရရှိသည်။ လျှပ်စစ်သုံးဓာတ်ခွဲခြင်းနည်းကိုသုံး၍လည်း ရေမှဟိုက်ဒရိုဂျင်ကို ခွဲထုတ်နိုင်သည်။ တစ်ချို့သော ရေညှိနှင့်ဘက်တီးရီးယားများသည်လည်း နေရောင်ခြည်ကိုအသုံးပြု၍ ဟိုက်ဒရိုဂျင်ထုတ်လုပ်နိုင်ကြသည်။ 

ဟိုက်ဒရိုဂျင်သည် မြင့်မားသောစွမ်းအင်ဖြစ်သည်။ ဟိုက်ဒရိုဂျင်လောင်စာသုံးအင်ဂျင်များသည် ညစ်ညမ်းမှုမဖြစ်ပေါ်စေနိုင်ပါ။ ၁၉၇၀ခုနှစ်ကတည်းက နာဆာသည် အာကာသလွန်းပျံယာဉ်များနှင့် အခြားဒုံးပျံများကို ကမ္ဘာပတ်လမ်းကြောင်းသို့လွှတ်တင်ရန် ဟိုက်ဒရိုဂျင်လောင်စာရည်ကို အသုံးပြုနေသည်။ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်မှ လွန်းပျံယာဉ်အတွက် လျှပ်စစ်ထုတ်ပေးသည်သာမက ထွက်ရှိလာသောရေကိုလည်း ယာဉ်အမှုထမ်းများသောက်သုံးနိုင်သည်။ 
ဟိုက်ဒရိုဂျင်လောင်စာဆဲလ်အလုပ်လုပ်ပုံ


ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သည် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကိုပေါင်းစပ်ပြီး လျှပ်စစ်၊ အပူနှင့် ရေကို ထုတ်လုပ်သည်။ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်တစ်ခုတွင် အလွှာတစ်ခုခြားထားသောအဖိုနှင့်အမအပြားနှစ်ခုပါရှိသည်။ ၎င်းအလွှာသည် အပေါင်းအမှုန် (ဝါ) ပရိုတွန်အမှုန်များသာဖြတ်သွားနိုင်သည်။ အဖိုဘက်မှ ဟိုက်ဒရိုဂျင်ထည့်လိုက်သောအခါ ပရိုတွန်အမှုန်များသည် အလွှာကိုဖြတ်ပြီး အမဘက်ရှိအောက်ဆီဂျင်နှင့်သွားပေါင်းသည်။ သို့သော် အက်တမ်များသည် လျှပ်စစ်ဓာတ်အားတူရမည်ဖြစ်သည်။ ထို့ကြောင့် အမမှုန် (ဝါ) အီလက်ထရွန်များသည်လည်း အခြားတစ်ဖက်သို့သွားလိုနေသည်။ အဖိုနှင့်အမကို ဝါယာဖြင့်ဆက်သွယ်လိုက်သောအခါ အီလက်ထရွန်များစီးကူးသွားပြီး လျှပ်စီးကြောင်းဖြစ်ပေါ်လာသည်။ ထိုမှလျှပ်စစ်နှင့် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ဓာတ်ပြုပြီး ဘုံထုတ်ကုန်အဖြစ်ရေကိုပါရရှိသည်။ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များသည် ဘက်ထရီများနှင့်တူသည်။ နှစ်ခုစလုံးသည် ဓာတုဗေဒဓာတ်ပြုမှုပြုပြီး လျှပ်စစ်ထုတ်လုပ်သည်။ သို့သော် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သည် ဟိုက်ဒရိုဂျင်ထည့်ထားနိုင်သလောက် လျှပ်စစ်ထုတ်နိုင်သည်။ အားကုန်မသွားနိုင်ပေ။ 

လောင်စာဆဲလ်များသည် အဆောက်အဦးများ၊ လျှပ်စစ်ကားများအတွက် လျှပ်စစ်နှင့် အပူရင်းမြစ်အဖြစ်သုံးနိုင်သည့် အလားအလာရှိသော နည်းပညာဖြစ်သည်။ လောင်စာဆဲလ်များသည် သန့်စင်သောဟိုက်ဒရိုဂျင်နှင့် ကောင်းစွာလုပ်ဆောင်နိုင်သည်။ အခြားသောလောင်စာများဖြစ်သည့် သဘာဝဓာတ်ငွေ့၊ မက်သနော၊ ဓာတ်ဆီ စသည်တို့မှလည်း လောင်စာဆဲလ်အတွက်လိုအပ်သော ဟိုက်ဒရိုဂျင်ကိုထုတ်လုပ်နိုင်သည်။ အချို့သော လောင်စာဆဲလ်များသည် မက်သနောကို တိုက်ရိုက်အသုံးပြုနိုင်သည်။ 

အနာဂတ်တွင် ဟိုက်ဒရိုဂျင်သည် လျှပ်စစ်အဖြစ် အရေးကြီးသောစွမ်းအင်သယ်ဆောင်သူဖြစ်လာမည်ဖြစ်သည်။ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များဖြစ်သည့် လေနှင့်နေတို့သည် အချိန်တိုင်းစွမ်းအင်ထုတ်မပေးနိုင်ပေ။ သို့သော် ၎င်းတို့မှရရှိသော လျှပ်စစ်အားဖြင့်ဟိုက်ဒရိုဂျင်ကိုထုတ်ပြီးသိုလှောင်ထားကာ လိုအပ်ချိန်တွင်သုံးခြင်းဖြင့် စွမ်းအင်ကို စဉ်ဆက်မပြတ်ရရိုနိုင်ပေသည်။ 


ပြည့်မိုးဝင်း

References:
http://www.renewableenergyworld.com
www.wikipedia.org
www.youtube.com
http://education.jlab.org/

Tuesday, February 9, 2016

အလူမီနီယမ် သင်္ဘောတည်ဆောက်ခြင်း (၁)

အလူမီနီယမ်ဆိုတာဘာလဲ

အလူမီနီယမ်
               အလူမီနီယမ်သည် ငွေဖြူရောင်သတ္ထုဖြစ်သည်။ ဒြပ်စင်အလှည့်ကျဇယားတွင် ၁၃ခုမြောက် ဒြပ်စင်ဖြစ်သည်။ သင်္ကေတအားဖြင့် Al ဟုသတ်မှတ်သည်။ အလူမီနီယမ်သည် ကမ္ဘာမြေပေါ်တွင်ပေါများစွာတွေ့ရသော သတ္ထုဖြစ်ပြီး ကမ္ဘာမြေကြီးအလေးချိန်၏ ၈ရာခိုင်နှုန်းရှိသည်။ ကျွန်ုပ်တို့ကမ္ဘာဂြိုလ်ပေါ်တွင် အောက်ဆီဂျင်နှင့်ဆီလီကွန်ပြီးလျှင် တတိယမြောက်အပေါများဆုံးဒြပ်စင်လည်းဖြစ်သည်။
         
               အခြားသောဒြပ်စင်များနှင့် အလွယ်တကူပေါင်းစပ်နိုင်သောကြောင့် အလူမီနီယမ်ကို သဘာဝအတိုင်းမတွေ့ရပေ။ ထို့ကြောင့်လည်း အလူမီနီယမ့်အကြောင်းကို တော်တော်နောက်ကျမှ သိခဲ့ရခြင်းဖြစ်သည်။ ၁၈၂၄ ခုနှစ်တွင် ပထမဆုံးအလူမီနီယမ်ကို ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် နှစ်ပေါင်း၅၀ကြာမှ စက်မှုလုပ်ငန်းသုံးအြဖစ်ထုတ်လုပ်နိုင်ခဲ့သည်။
           
                အလူမီနီယမ်ကို အလူမီနီယမ်ဆာလဖိတ် (Aluminium Sulphates) များအဖြစ် သဘာဝအတိုင်းတွေ့ရသည်။ အဆိုပါဆာလဖိတ်များသည် အယ်ကာလိုင်းသတ္ထု (Alkaline Metal) နှင့် ဒြပ်စင်အလှည့်ကျဇယားမှတတိယအုပ်စုဝင်သတ္ထုတို့ကို အခြေခံသော ဆာလဖျူရစ်အက်စစ်နှစ်မျိုးပေါင်းစပ်နေသော တွင်းထွက်သတ္ထုဖြစ်သည်။ အလူမီနီယမ်ဆာလဖိတ်ကို ရေသန့်စင်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဆေးဝါးများ၊ အလှအပဗေဒ၊ ဓာတုစက်မှုလုပ်ငန်းနှင့် နယ်ပယ်အသီးသီးတွင်အသုံးပြုလျှက်ရှိသည်။ အလူမီနီယမ်ဟူသောအမည်ကို အလူမီနီယမ်ဆာလဖိတ်မှရသည်။ လက်တင်ဘာသာဖြင့် အလူမန် (Alumen) ဟုခေါ်သည်။

               ယနေ့တွင် အမျိုးမျိုးသောအလူမီနီယမ်ဒြပ်ပေါင်း ၃၀၀ နီးပါးနှင့် အလူမီနီယမ်ပါဝင်သောတွင်းထွက်သတ္ထုများဖြစ်သော မျောကျောက် (Feldspar)မှသည် အဓိကရင်းမြစ်များဖြစ်သော ပတ္တမြား၊ နီလာ၊ မြတို့ကို တွေ့ရှိပြီးဖြစ်သည်။

               လျှပ်စစ်ကိုသာမတွေ့ရှိခဲ့လျှင် အလူမီနီယမ်ကိုလည်း တွေ့နိုင်ဦးမည်မဟုတ်ပေ။ သိပ္ပံပညာရှင်များက လျှပ်စစ်ကိုအသုံးပြုပြီး ဓာတုဗေဒဒြပ်ပေါင်းများကို ဒြပ်စင်အဖြစ် ဖြိုခွဲနိုင်ချိန်မှသာ အလူမီနီယမ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၁၉ ရာစုတွင် ဒိန်းမတ်လူမျိုးရူပဗေဒပညာရှင်ခရစ်ယာန်အောစတက် (Christian Oersted) သည် လျှပ်စစ်သုံးဓာတ်ခွဲခြင်းနည်းကိုသုံး၍ အလူမီနီယမ်ကို ရရှိခဲ့သည်။ အဆိုပါနည်းကို ယနေ့တိုင် အလူမီနီယမ်ထုတ်လုပ်ရာတွင် အသုံးပြုလျှက်ရှိသည်။
             
               ယနေ့ခေတ်အလူမီနီယမ်ထုတ်လုပ်ရာတွင် အဓိကအသုံးပြုသောအခြားကုန်ကြမ်းမှာ ဗောက်ဆိုက် (Bauxite) ဖြစ်သည်။ ဗောက်ဆိုက်သည် အမျိုးမျိုးသော အလူမီနီယမ်ဟိုက်ဒြောဆိုဒ် (Aluminium Hydroxide) များပါဝင်သော ရွှံ့စေးသတ္ထုဖြစ်ပြီး သံ၊ ဆီလီကွန်၊ ဆာလဖာ၊ တိုက်တေနီယမ်၊ ဂယ်လီယမ်၊ ခရိုမီယမ်၊ ဗန်နာဒီယမ်အောက်ဆိုဒ်၊ ဆာလဖျူရစ်ကယ်လစီယမ်နှင့် မဂ္ဂနီစီယမ်ကာဗွန်နိတ်တို့ ရောနှောလျှက်ရှိသည်။ ဗောက်ဆိုက်တွင် ဒြပ်စင်အလှည့်ကျဇယား၏ထက်ဝက်လောက် ပါဝင်ပါသည်။ ပျမ်းမျှအားဖြင့် အလူမီနီယမ်တစ်တန်ထုတ်လုပ်ရန် ဗောက်ဆိုက်လေးတန်မှငါးတန်ထိလိုအပ်သည်။

               အလူမီနီယမ်ထုတ်လုပ်ရာတွင် ပထမအဆင့်၌ ဗောက်ဆိုက်ကို အလူမီနာ (Alumina) (သို့မဟုတ်) အလူမီနီယမ်အောက်ဆိုဒ် (Aluminum Oxide) အဖြစ်ပြုလုပ်သည်။ အလူမီနာသည် အဖြူရောင်အမှုန့်နှင့်တူသည်။ အလူမီနာကို အလူမီနီယမ်ဖိုထဲတွင် လျှပ်စစ်သုံးဓာတ်ခွဲနည်းကိုအသုံးပြု၍ အလူမီနီယမ်အဖြစ် ထုတ်လုပ်သည်။ အလူမီနီယမ်ထုတ်လုပ်ရာတွင် လျှပ်စစ်ဓာတ်အားအမြောက်အများလိုအပ်သည်။ အလူမီနီယမ်တစ်တန်ရရှိရန် ၁၅မီဂါဝပ်အထိသုံးရသည်။ အဆိုပါပမာဏသည် တိုက်ခန်းတစ်ရာတစ်လနီးပါး သုံးစွဲသည်နှင့်ညီမျှသည်။ ထို့ကြောင့် အလူမီနီယမ်စက်ရုံသည် အားကောင်းသောပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်အနီးတွင်ရှိရန် လိုအပ်သည်။ ရေအားလျှပ်စစ်စက်ရုံများသည် အလူမီနီယမ်ထုတ်လုပ်ရန် အကောင်းဆုံးသော စွမ်းအင်ရင်းမြစ်များဖြစ်သည်။

အလူမီနီယမ်၏ဂုဏ်သတ္တိများ

               အလူမီနီယမ်သည် တန်ဖိုးရှိသောဂုဏ်သတ္တိများကို ရှားရှားပါးပါးပေါင်းစပ်ပေးထားပါသည်။ အလူမီနီယမ်သည် ကမ္ဘာပေါ်တွင်အပေါ့ဆုံးသောသတ္ထုများထဲမှ တစ်မျိုးဖြစ်သည်။ သံထက်သုံးဆနီးပါးပေါ့ပါးသော်လည်း အလွန်သန်မာသည်။ အလွန်လွယ်စွာကွေးနိုင်သည်။ မျက်နှာပြင်တွင် အလွန်ပါးလွှာသော အောက်ဆိုဒ်အလွှာတစ်ခုဖုံးနေခြင်းကြောင့် တိုက်စားခြင်းကို ခံနိုင်ရည် (Corrosion Resistance) ရှိသည်။  သံမလိုက်နိုင်ပါ။ အလွန်ကောင်းသော လျှပ်ကူးပစ္စည်းဖြစ်သည်။ အခြားသော သတ္ထုများနှင့်ပေါင်းစပ်၍ သတ္ထုစပ် (Alloy) အဖြစ်အသုံးပြုနိုင်သည်။

အလူမီနီယမ်သတ္ထုစပ်များ

               အလူမီနီယမ်သတ္ထုစပ်များသည် အလူမီနီယမ်အများဆုံးပါဝင်သော သတ္ထုစပ်များဖြစ်သည်။ သတ္ထုစပ်ပြုလုပ်ရာတွင် အသုံးများသောဒြပ်စင်များမှာ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ မန်းဂနိစ်၊ ဆီလီကွန်၊ ခဲမဖြူနှင့် သွပ်တို့ဖြစ်သည်။ သတ္ထုစပ်ပြုလုပ်ရာတွင် ပုံသွန်းခြင်း (Casting alloy) နှင့် ဖိနှိပ်ခြင်း (Wrought alloy) ဟူ၍နှစ်မျိုးရှိသည်။ အသုံးပြုလျှက်ရှိသောအလူမီနီယမ်သတ္ထုစပ်၏ ၈၅ ရာခိုင်နှုန်းကို ဖိနှိပ်ခြင်းနည်းဖြင့်ရရှိသည်။
                ဖိနှိပ်သတ္ထုစပ်ကို အမည်သတ်မှတ်ရာတွင် နိုင်ငံတကာသတ္ထုစပ်သတ်မှတ်ချက်စနစ် (International Alloy Designation System) ကိုအသုံးပြုသည်။ သတ္ထုစပ်အသီးသီးတွင် ဂဏန်းလေးလုံးပါရှိသည်။ ပထမဂဏန်းသည် အများဆုံးပါဝင်သော ဒြပ်စင်ကို ညွှန်ပြသည်။

  • ၁၀၀၀ စီးရီး - သန့်စင်အလူမီနီယမ် ၉၉ ရာခိုင်နှုန်း
  • ၂၀၀၀ စီးရီး - ကြေးနီ 
  • ၃၀၀၀ စီးရီး - မန်းဂနိစ်
  • ၄၀၀၀ စီးရီး - ဆီလီကွန်
  • ၅၀၀၀ စီးရီး - မဂ္ဂနီဆီယမ်
  • ၆၀၀၀ စီးရီး - မဂ္ဂနီဆီယမ်နှင့်ဆီလီကွန်
  • ၇၀၀၀ စီးရီး - သွပ်
  • ၈၀၀၀ စီးရီး - အခြားဒြပ်စင်

ရေကြောင်းလုပ်ငန်းသုံးသတ္ထုစပ်များ (Marine Alloy)


 အောက်ပါသတ္ထုစပ်များကို သင်္ဘောတည်ဆောက်ရာတွင်အသုံးပြုသည်။

  • ၅၀၅၂
  • ၅၀၅၉
  • ၅၀၈၃
  • ၅၀၈၆
  • ၆၀၆၁
  • ၆၀၆၃
၄၀၄၃၊ ၅၁၈၃၊ ၆၀၀၅အေ၊ ၆၀၈၂ တို့ကိုလည်း အသုံးပြုသည်။


ပြည့်မိုးဝင်း

References:
www.aluminiumleader.com
www.wikipedia.org
www.youtube.com